Sunday, September 20, 2015

ရှမ်းပြည်နယ် မြောက်ပိုင်း နေရာ အနှံ့ တိုက်ပွဲများ ဖြစ်ပွား


လှုပ်ရှား သွားလာနေသော အစိုးရ တပ်သား တချို့ကို တွေ့ရစဉ် Photo: Kyaw Myo Min / RFA

ရှမ်းပြည်နယ် မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသမှာ အစိုးရနဲ့ ကေအိုင်အို တပ်ဖွဲ့တွေ အကြား နေရာအနှံ့  တိုက်ပွဲတွေ ဖြစ်ပွား နေတယ်လို့ သိရပါတယ်။


အခု စက်တင်ဘာလ စောစောပိုင်း ကတည်းက ကေအိုင်အို တပ်မဟာ ၄ ဒေသ မုံးကိုး မြို့နယ် အတွင်းရှိတဲ့ တပ်ရင်း ၃၆ လှုပ်ရှားနေတဲ့ နယ်မြေမှာ မနေ့က ညအထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား ခဲ့ပါတယ်။ တပ်မဟာ ၄ ဒေသမှာလဲ နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ တပ်မဟာ ၄ တပ်မှူး ဗိုလ်မှုးကြီး ဇော်ရော် က ပြောပါတယ်။

"တစ်ပတ်လောက် ရှိပါပြီ ကြီးကြီး ကျယ်ကျယ် ထိုးစစ်ဆင်တာ တပ်ရင်း ၃၆ မုန်းကိုး ဧရိယာပေါ့ နောက်ဆုံးအခြေအနေက ရင်ဆိုင် တိုက်ပွဲ ရှေ့မှာ ရောက်နေတယ် လေယာဉ်ကတော့ မနေ့က တက်လာတယ် ဒါပေမဲ့ အဲဒီမှာ မရောက်ဖူး ပြန်ဆင်း သွားတယ်။ လက်နက်ကြီးတွေ ကတော့ တော်တော် များများသုံးနေကြတယ်။

သူက အဲဒီမှာ တနေရာတည်းဖြစ်တာမဟုတ်ပဲ ကချင်ဘက်မှာတွေ တပ်ရင်း ၁၂ မှာလဲ ဆက်တိုက်ဖြစ်နေ တယ် ဆက်တိုက် ထိုးနေကြတယ် ၃၄ ဘက်မှာလဲ ဖြစ်တယ် တပ်ရင်း ၉ မှာလဲ ဖြစ်တယ်"

တိုက်ပွဲမှာ အစိုးရ တပ်ကရော ကေအိုင်တပ်ကပါ ထိခိုက်ကျဆုံး တာတွေ ရှိပေမဲ့ သူ့အနေနဲ့ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။ ဘာ့ကြောင့် အစိုးရတပ် က အဲဒီနေရာကို အပြင်းအထန် တိုက်ခိုက်နေ ရတာလဲ လို့ RFA ဆက်လက် မေးမြန်းတဲ့ အခါမှာ

"နယ်မြေစိုးမိုးရေး ဆိုတာ သူတို့ရဲ့ မဟာဗျူဟာပဲ ငြိမ်းချမ်းရေး ဖေါ်ဆောင်တဲ့ နေရာမှာ NCA ပြင်ဆင်နေတဲ့ ကာလမှာ သူတို့က တပ်ကနေ ပြီးတော့မှ ဦးနိုင်တဲ့ နေရာ ဦးသွားမယ်ဆိုတဲ့ ရည်ရွယ်ချက် အဲလို တကြောင်း ယူဆတာပေါ့"

ကေအိုင်အိုနဲ့ အစိုးရ အကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ထိုးခဲ့ကြပြီး ၂ဝ၁၁ ခုနှစ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာ အခု အချိန်ထိ ဖြစ်ပါတယ်။

RFA Burmese

Original link - http://www.rfa.org/burmese/news/northern-shan-state-occur-battle-09182015232041.html

No comments:

Post a Comment