Saturday, September 19, 2015

အလှည့်အပြောင်း တစ်ခုကြောင့် ကံကောင်းခဲ့တဲ့ ဆီးရီးယား ရွှေ့ပြောင်းဒုက္ခသည် သားအဖ




တစ်ခါ တစ်လေတော့ ကံကြမ္မာရဲ့ လှည့်စား မှုတွေက ဆန်းကြယ် လွန်းလှပါလား ဆိုတဲ့ အတွေးနဲ့ အိုစမာ အက်ဘ်ဒူလ် မိုဆန် တစ်ယောက် မိန်းမော ကျေနပ်နေ ပါလိမ့်မယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ထိ သူဟာ သားငယ်ရဲ့ လက်ကို ဆွဲကိုင်ပြီး ဇာတိနိုင်ငံ ဆီးရီးယားကို စွန့်ခွာလာတဲ့ ခိုကိုး ရာမဲ့ ရွှေ့ပြောင်း ဒုက္ခသည် တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဥရောပမှာ ခိုကပ်နေထိုင်ပြီး ကောင်းမွန်တဲ့ အသက်မွေး ဘဝတစ်ခု ပိုင်ဆိုင်ဖို့ ဆိုတာဟာ သူ့အတွက် မဝံ့မရဲ မျှော်လင့်ရတဲ့ အိပ်မက် တစ်ခုပါပဲ။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်မှာတော့ မိုဆန်ဟာ စပိန်နိုင်ငံမှာ ခိုလှုံ နေထိုင်ခွင့် ရနေပြီ ဖြစ်သလို ကောင်းမွန်တဲ့ အလုပ်နေရာ တစ်ခုကလည်း အသင့် ရှိနေပါပြီ။ သားငယ်ကို ကောင်းမွန်တဲ့ ဘဝ တစ်ခုမှာ ထားပေးချင်တဲ့ မိုဆန်ရဲ့ စိတ်ကူးတွေဟာ လက်တွေ့ အကောင်အထည် ပေါ်လာပြီ ဖြစ်ပါတယ်။

မိုဆန်နဲ့ သားငယ် ဇေ့ဒ်တို့ဟာ သိန်းနဲ့ချီတဲ့ ဆီးရီးယား စစ်ဘေးရှောင် ဒုက္ခသည်တွေလိုပဲ ဥရောပကို စွန့်စား ထွက်ခွာ လာသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ သားအဖကို တစ်ကမ္ဘာလုံး သတိပြုမိ သွားစေတဲ့ အလှည့်အပြောင်း ကတော့ ဟန်ဂေရီ ရုပ်သံ သတင်းထောက် အမျိုးသမီးနဲ့ ဆက်နွှယ် နေပါတယ်။ မိုဆန်တို့ သားအဖဟာ ဘဝတူ ရွှေ့ပြောင်း ဒုက္ခသည်တွေနဲ့ လိုက်ပါရင်း ဂျာမနီကို ဝင်ရောက်ဖို့ ကြိုးစား ခဲ့ကြပါတယ်။ ဒါပေမဲ့ ဟန်ဂေရီ နိုင်ငံရဲ့ နယ်နိမိတ်မှာ ပိတ်ဆို့ ခံခဲ့ရပြီး အဲဒီကာလက သူတို့သားအဖရဲ့ ဘဝကို အကြီး အကျယ် ပြောင်းလဲ သွားစေ ခဲ့ပါတယ်။

ရွှေ့ပြောင်း ဒုက္ခသည် တွေကို ဟန်ဂေရီ ရဲတွေက လူစုခွဲ ဖြိုခွင်း ချိန်မှာ မိုဆန်ဟာ ၈ နှစ်အရွယ် သားငယ်လေး ဇေ့ဒ်ကို ထမ်းပိုးပြီး ဘေးလွတ် ရာကို တိမ်းရှောင် ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကင်မရာ ကိုင်ပြီး ရိုက်ကူးနေတဲ့ ရုပ်သံ သတင်းထောက် ပက်ထရာ လက်စ်ဇလိုက မိုဆန်ကို ခြေထိုးခံ လိုက်ပါတယ်။ သားအဖ နှစ်ယောက်ဟာ အရှိန် မထိန်းနိုင်ဘဲ လုံးထွေး လဲကျသွားတဲ့ မြင်ကွင်းကို တခြား သတင်းထောက် တွေက မှတ်တမ်းတင် ရိုက်ကူး ထားလိုက် ပါတယ်။

ဒီသတင်း ဗီဒီယို ပျံ့နှံ့သွားချိန် မှာတော့ လက်စ်ဇလိုရဲ့ ရက်စက်မှုကို လူတွေက အပြင်း အထန် မုန်းတီး ရှုတ်ချကြ သလို မိုဆန်တို့ သားအဖ အတွက် စိတ်မကောင်း ဖြစ်ခဲ့ကြ ပါတယ်။ ဒီဖြစ်ရပ် ကပဲ မိုဆန်နဲ့ ဇေ့ဒ်တို့ကို တစ်ကမ္ဘာ လုံးက မှတ်မှတ် ထင်ထင် ရှိလာစေတာ ဖြစ်ပါတယ်။ (အဲဒီဖြစ်ရပ်နဲ့ ဆက်နွှယ်ပြီး သက်ဆိုင်ရာ သတင်းဌာနက လက်စ်ဇလိုကို အလုပ် ထုတ်ပစ် ခဲ့ပါတယ်)

လဲကျနေတဲ့ မိုဆန်ဟာ ဇေ့ဒ်ကို ထူမပြီး ပြန်ချီပိုး ခဲ့တယ်။ ဖခင် တစ်ယောက်ရဲ့ အားမာန် အပြည့်နဲ့ သားဖြစ်သူကို ရည်မှန်းချက် အရောက် ပို့ဆောင်ခဲ့တယ်။ သူတို့ သားအဖဟာ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တော်ထိ အရောက် လှမ်းနိုင် ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ သတင်းတွေက မိုဆန်တို့အကြောင်း ခြေရာခံ ဖော်ပြကြရင်း သူဟာ ဆီးရီးယားမှာ ဘောလုံး နည်းပြ တစ်ဦး အဖြစ် အလုပ် လုပ်ဖူးကြောင်း ပေါ်ပေါက် လာခဲ့တယ်။ အဲဒီ သတင်းကို အထူးတလည် စိတ်ဝင်စား သွားတာကတော့ စပိန်နိုင်ငံ၊ မက်ဒရစ် မြို့တော်က ဆီနက်ဖီ ဘောလုံး အကယ်ဒမီ ဥက္ကဋ္ဌ မီဂွယ်လ် အိန်ဂျယ်လ် ဂါလန်ပါပဲ။

သူဟာ စပိန် နေ့စဉ်ထုတ် သတင်းစာ အယ်လ်မန်ဒိုက သတင်းထောက် မာတင်မူချာရဲ့ အကူအညီနဲ့ မိုဆန်ကို လိုက်လံ ရှာဖွေ ခဲ့တယ်။ ဒါ့အပြင် စပိန်ကလပ် ဗီလာဗာဒီမှာ ကစားနေပြီး အာရပ် စကားကို လည်လည် ပတ်ပတ် ပြောဆိုနိုင်တဲ့ မိုဟာမက် လာဘရူဇီ ကလည်း ဒီရှာဖွေမှုမှာ အားဖြည့်ပေးဖို့ သဘော တူညီခဲ့တယ်။ ဂါလန်ဦးဆောင်တဲ့ အဖွဲ့ဟာ မြူးနစ်မြို့ကို တဖွဲဖွဲ ဝင်ရောက်တဲ့ ဒုက္ခသည် သောင်းဂဏန်း လောက်ကို စိတ်ရှည် လက်ရှည် စိစစ် ရှာဖွေ ခဲ့ပါတယ်။ နောက်ဆုံး မှာတော့ မိုဆန်တို့ သားအဖရဲ့ နာမည်ကို သူတို့ ရှာတွေ့ သွားပါပြီ။

စပိန်ကို လာရောက်ဖို့ ဖိတ်ခေါ်တဲ့ သတင်း မိုဆန်ဆီကို ရောက်သွား ချိန်မှာ သူက မြူးနစ်မြို့ရဲ့ ကော်ဖီဆိုင် တစ်ခုထဲမှာ ချန်ပီယံလိဂ် ဘောလုံးပွဲကို စိတ်ဝင် တစား စောင့်ကြည့် နေတာ ဖြစ်ပါတယ်။

သူတို့ သားအဖကို လိုလို လားလား ကမ်းလှမ်း ကူညီသူတွေ ရှိလာတယ် ဆိုတာကို အစောပိုင်းမှာ မိုဆန်တစ်ယောက် မယုံနိုင် ဖြစ်နေ ခဲ့ပါတယ်။ ဒါပေမဲ့ လာဘရူဇီက အေးအေး ဆေးဆေး ရှင်းပြတယ်။ သူတို့ သားအဖရဲ့ သတင်းကို ကြားသိရ တဲ့နောက် ဂါလန်က ကူညီချင်နေကြောင်း၊ ဂါလန်ဟာ ယုံကြည် အားကိုး ထိုက်တဲ့ မိတ်ဆွေ တစ်ယောက် ဖြစ်ပြီး အရာရာကို လက်တွေ့ ကျကျ စီမံ ဆောင်ရွက် တတ်ကြောင်း ပြောပြတယ်။

နောက်ထပ် နာရီနည်းနည်း အကြာမှာတော့ မိုဆန်နဲ့ ဇေ့ဒ်တို့ သားအဖဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို ဦးတည်ပျံသန်းတဲ့ လေယာဉ်ကြီးပေါ်မှာ စိတ်လှုပ်ရှားစွာနဲ့ လိုက်ပါသွားခဲ့ပါပြီ။ စက်တင်ဘာ ၁၆ ရက်မှာတော့ သူတို့နှစ်ယောက် မက်ဒရစ်ကို ဆိုက်ရောက် လာပါတော့တယ်။ အဲဒီမတိုင်ခင် ရက်ပိုင်းလောက်က အနာဂတ်ပျောက်ပြီး ဒုက္ခသည် စခန်းမှာ သောင်တင်မယ့် အရေး ကြုံနေတဲ့ သားအဖ အတွက် အရာရာက ပြောင်းလဲ သွားပါပြီ။

“ဒီကို လာရောက်ဖို့ ဆိုတာက တစ်ချိန်က အိပ်မက်တစ်ခုသာ ဖြစ်ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် မက်ဒရစ်၊ ကျေးဇူးတင်ပါတယ် စပိန်နိုင်ငံရယ်”လို့ သူက ကြည်နူးစိတ် အပြည့်နဲ့ သတင်းထောက်တွေကို ပြောပါတယ်။ ရွှေ့ပြောင်း ဒုက္ခသည် အရေးကို ဥရောပနိုင်ငံတွေ စုပေါင်းဖြေရှင်းဖို့ ကြိုးစားနေချိန်မှာ စပိန်အာဏာပိုင်တွေကလည်း မိုဆန်တို့ သားအဖရဲ့ ကိစ္စအပေါ် စည်းမျဉ်းတွေ လျှော့ပေါ့ လက်ခံပေး ခဲ့ပါတယ်။ အခုတော့ မိုဆန်ဟာ ဆီးရီးယားမှာ ကျန်ခဲ့တဲ့ ဇနီးရယ်၊ သမီးနှစ်ယောက် ရယ်ကိုပါ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါပြီ။

ဆီနက်ဖီက အရာရှိ တစ်ယောက်ဖြစ်တဲ့ လူးဝစ် မီဂွယ်လ် ပီဒရက်ဇာက “ကျွန်တော်တို့ ဘက်က လူသားချင်း စာနာတဲ့ လက်ကမ်းမှုတစ်ခု လုပ်ပေးခဲ့တာသာ ဖြစ်ပါတယ်။ မိုဆန်ဟာ ကျွန်တော်တို့ရဲ့ အကယ်ဒမီ သင်တန်းကျောင်းကို အရမ်း စိတ်ဝင်စားနေ ပါတယ်။ အခုလောလောဆယ် အရေးကြီးတာက ဒီမှာ သူအထိုင်ကျသွားဖို့ပါ”လို့ ဆိုပါတယ်။ ဆီနက်ဖီဟာ မိုဆန်ကို လူငယ် အသင်း နည်းပြရာထူး တစ်နေရာ ပေးအပ်သွားဖို့ လျာထားပြီး သားပါ။

ကမ္ဘာကျော် ရီးရဲလ်မက်ဒရစ် အသင်းကြီးရဲ့ ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ကလည်း သူတို့သားအဖ သတင်းကို ကြားသိ ခဲ့တာကြောင့် ရီးရဲလ်ရဲ့ အိမ်ကွင်း ဆန်တီယေဂို ဘာနေဗျူးကို အလည်အပတ် လာရောက်ဖို့ ဖိတ်ခေါ်ပြီး လက်ခံတွေ့ဆုံ ခဲ့ပါတယ်။ မိုဆန်နဲ့ ဇေ့ဒ်တို့ဟာ ရီးရဲလ်နဲ့ ဂီတာဖေးတို့ ယှဉ်ပြိုင်တဲ့ လာလီဂါ ပွဲစဉ်ကိုပါ အားပေး ကြည့်ရှုဖို့ပါ ဖိတ်ကြား ခံခဲ့ရ ပါတယ်။

ဆီနက်ဖီက မိုဆန်၊ ဇေ့ဒ်တို့အပြင် ထပ်ရောက်လာမယ့် မိသားစုဝင်တွေအတွက် ဂီတာဖေးမှာ အိမ်တစ်လုံး စီစဉ်ပေး ထားပါတယ်။ မိုဟန်တို့ မိသားစု ကိုယ်ပိုင်ဝင်ငွေ ရှာဖွေပြီး ကိုယ့်ဝမ်း ကိုယ်ကျောင်းနိုင်တဲ့ အချိန်ထိ ဘောလုံး အကယ်ဒမီက နေထိုင်မှု စရိတ်ကို ထောက်ပံ့ပေး နေမှာပါ။ စပိန်ဟာ ဥရောပကို ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေ ထဲက အရေ အတွက် ၁၇၀၀၀ လောက်ကို လက်လွှဲယူဖို့ ကတိပြု ထားပြီး မိုဆန်တို့ သားအဖဟာ ပထမဆုံး ကောင်းကျိုး ခံစားရသူတွေ ထဲမှာ အပါအဝင် ဖြစ်လာ ပါတယ်။

ဒါပေမဲ့ မိုဆန်တို့အတွက် စိန်ခေါ်မှုတွေ အများကြီး စောင့်ကြိုနေဆဲပါ။ သူက အင်္ဂလိပ်စကား မတောက်တခေါက် တတ်ပါတယ်။ စပိန်လိုတော့ လုံးဝ မပြောတတ်ဘူး။ ဒါပေမဲ့ ဆီးရီးယား ပထမတန်းမှာ နည်းပြ အဖြစ် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင် ထားတာကြောင့် ဘောလုံး အားကစား ဖွံ့ဖြိုးတဲ့ စပိန်နိုင်ငံမှာ အဆင်ပြေ အခြေကျ လာဖို့ မျှော်လင့် နေပါတယ်။ သူကိုင်တွယ်ဖူးတဲ့ ကစားသမား တချို့ကတော့ ပြည်တွင်းစစ်မှာ သေဆုံးခဲ့ပါပြီ။ တချို့ကလည်း သူ့လိုပဲ ဥရောပကို ထွက်ပြေး လာကြပါတယ်။

ဘောလုံးနည်းပြ တစ်ယောက် အတွက် ကစား သမားတွေနဲ့ တိုက်ရိုက် ဆက်သွယ် ညွှန်ကြားရာမှာ ထိရောက်စေဖို့ အတွက် ဘာသာစကား တတ်ကျွမ်းမှုဟာ အင်မတန် အရေးကြီး ပါတယ်။ ဒါပေမဲ့ အခက်ခဲဆုံး အပိုင်းတွေ ကိုတောင် ကျော်ဖြတ်ခဲ့ပြီး ဖြစ်တဲ့ မိုဆန်ကတော့ ဒီလောက် အတား အဆီးကိုလည်း ကျော်လွှားနိုင် ဦးမယ်လို့ အကောင်းမြင် မျှော် လင့်နေ ပါတော့တယ်။

Ref: CNN

By - ဇွဲရဲဝင့်

Original link - http://www.7daydaily.com/story/46721

No comments:

Post a Comment